ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်း တစ်လျှောက်တွင် ယာဉ်ကြော ပိတ်ဆို့ချိန်
အကြာမြင့်ဆုံးဖြစ်သော ရွှေဂုံတိုင် မီးပွိုင့်နေရာတွင် ရွှေဂုံတိုင်
ခုံးကျော်တံတားသစ်ကို ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင်ဖွင့် လှစ်ကာ
မော်တော်ယာဉ်များ ဖြတ်သန်းခွင့် ပေးလိုက်သော်လည်း ကုက္ကိုင်း
မီးပွိုင့်နေရာတွင် ယာဉ်ကြော ပိတ်ဆို့မှုများ ဆက်လက် ဖြစ်ပွားလျက်
ရှိကြောင်း အငှားယာဉ်မောင်းများထံမှ စုံစမ်းသိရှိရသည်။
ကုက္ကိုင်း မီးပွိုင့်နေရာမှ ဟာမစ်တစ် မှတ်တိုင်အထိ ယာဉ်ကြောပိတ်ဆို့မှု
ဖြစ်ပေါ်ကြောင်း၊ တံတားအဆင်း တောင်ဘက်နှင့် မြောက်ဘက်တို့တွင် ယာဉ်ကြော
ပိတ်ဆို့မှုများ ဖြစ်ပေါ်ရာတွင် တောင်ဘက်ဖြစ်သော ကုက္ကိုင်း မီးပွိုင့်မှာ
မြောက်ဘက် ဦးထောင် ဗိုလ်အဝိုင်းထက် အချိန် ကြာမြင့်ကြောင်းနှင့် ရုံးတက်
ရုံးဆင်းချိန်များတွင် အများဆုံး ဖြစ်ပေါ်လေ့ ရှိကြောင်း အငှားယာဉ်မောင်း
ကိုသားကြီးက ဆိုသည်။ “ရွှေဂုံတိုင် လမ်းဆုံကတော့ ရှင်းသွားတယ်ဗျ” ဟု
၎င်းကဆိုသည်။
ကုက္ကိုင်းမီးပွိုင့် ယာဉ်ကြော ပိတ်ဆို့မှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်း
ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးသို့ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းကြည့်ရာ
သက်ဆိုင်ရာ တာဝန်ရှိသူက အခုလို တယ်လီဖုန်းဖြင့် ဖြေခွင့်မရှိကြောင်း၊
အထက်လူကြီးထံ စာတင်ပြီး ခွင့်ပြုချက်ရမှာသာ မေးမြန်းနိုင်ကြောင်း ပြန်လည်
ဖြေကြားသည်။ ရန်ကုန်မြို့တော်တွင် တစ်နေ့တခြား ပိုမိုများပြားလာသည့်
ယာဉ်ကြော ပိတ်ဆို့မှုများကို ဖြေရှင်းနိုင်ရန်အတွက် ယာဉ်ကြော ပိတ်ဆို့မှု
အများဆုံး ဖြစ်ပေါ်သော လှည်းတန်း မီးပွိုင့်၊ ရွှေဂုံတိုင် မီးပွိုင့်နှင့်
ဘုရင့်နောင် လမ်းဆုံနေရာတို့တွင် ခုံးကျော် တံတားများကို
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွန်မှုဖြင့် ၂၀၁၂ ခုနှစ်ကတည်းက
တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
တံတား ပြီးစီးခဲ့သောကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ လျော့နည်း သွားမည်
ဖြစ်သော်လည်း ယာဉ်ကြော ပိတ်ဆို့မှု ဆက်လက် ဖြစ်မဖြစ်ကို
မခန့်မှန်းနိုင်ကြောင်း ရွှေဂုံတိုင် ခုံးကျော်တံတား စီမံကိန်း အင်ဂျင်နီယာ
ဦးအုံးလှိုင်က ဆိုသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏
ကြီးကြပ်မှုဖြင့် Capital Development Co.,Ltd.. ၁၁ လခန့်ကြာ တာဝန်ယူ
ဆောက်လုပ် ခဲ့သော ရွှေဂုံတိုင် ခုံးကျော်တံတားမှာ သံကူ ကွန်ကရစ်တံတား
အမျိုးအစားဖြစ်ပြီး စုစုပေါင်း တံတားအရှည် ၂၀၅၉ ဒသမ ၅၅ ပေ၊ အမြင့်ဆုံး
ခံနိုင်ဝန် တန် ၆၀ ရှိကြောင်း တံတား တည်ဆောက်မှု မှတ်တမ်းအရ သိရသည်။
ရန်ကုန်မြို့တွင်း ယာဉ်ကြော ပိတ်ဆို့မှုကို ဖြေရှင်းရန်အတွက်
ခုံးကျော်တံတား သုံးစင်းကို တည်ဆောက်ခဲ့ရာ ဘုရင့်နောင် ခုံးကျော်တံတားကို
နိုဝင်ဘာ နောက်ဆုံးပတ်နှင့် လှည်းတန်း ခုံးကျော် တံတားကို ဧပြီလ
အတွင်းတို့တွင် ဖွင့်လှစ်ခဲ့သော်လည်း ယာဉ်ကြော ပိတ်ဆို့မှုများ ဆက်ရှိနေဆဲ
ဖြစ်ကြောင်း လမ်းအသုံးပြုသူတို့က မှတ်ချက်ပြုသည်။
The Voice
-
Blogger Comment
-
Facebook Comment
Subscribe to:
Post Comments
(
Atom
)

0 comments :
Post a Comment