ဗြိတိန်နိုင်ငံတွင် ကမ္ဘာ့အမြန်ဆုံး 4G အင်တာနက် ကွန်ရက်စနစ်ကို စတင်တပ်ဆင် အသုံးပြုနေပြီဟု သိရှိရသည်။ EE ဆက်သွယ်ရေး ဝန်ဆောင်မှု ကုမ္ပဏီက တပ်ဆင်သည့် အဆိုပါ ကွန်ရက်ကို အင်္ဂါနေ့က လန်ဒန်မြို့ အရှေ့ဘက်ခြမ်းတွင် စတင်၍ အသုံးပြုခွင့် ပေးခဲ့သည်။ လတ်တလောတွင် တစ်စက္ကန့်လျှင် အချက်အလက် ပေးပို့မှုမြန်နှုန်း 24Mb နှင့် 30Mb ကြားသာ ရှိသေးသော်လည်း အဆင့်မြှင့်မှုများ ပြုလုပ်သွားမည်ဟု EE က ဆိုသည်။ အဆိုပါ 4G ကွန်ရက်သည် အမြင့်ဆုံးအဆင့်ထိ မွမ်းမံ တပ်ဆင်ပြီးပါက တစ်စက္ကန့်လျှင် 300Mb ထိ အချက်အလက် လွှဲပြောင်းနိုင်အောင် မြန်နှုန်းမြင့်လာမည်ဟု ကုမ္ပဏီက ပြောကြားခဲ့သည်။
EE သည် ယခု 4G ကွန်ရက်ကို ကမ္ဘာ့အမြန်ဆုံး Router ဟု သတ်မှတ်ခံရသည့် CAT 6 တွင် တပ်ဆင်မောင်းနှင်စေသည်။ အဆိုပါ Router ကို Huawei ကုမ္ပဏီက ဖန်တီးထားခြင်း ဖြစ်သည်။ လတ်တလောတွင် အကန့်အသတ်ဖြင့်သာ သုံးစွဲနိုင်သေးသော်လည်း (၂၀၁၄) ခုနှစ်တွင် နိုင်ငံအတွင်းရှိ မိုဘိုင်းလ်ဖုန်းများ အားလုံးလိုလို ချိတ်ဆက်နိုင်သည်အထိ ကျယ်ပြန့်လာမည်ဟု EE က ပြောကြားခဲ့သည်။ EE ၏ ကွန်ရက်စနစ်သစ်သည် လက်ရှိ အသုံးပြုနေသည့် 4G ကွန်ရက်များထက် မြန်နှုန်း (၁၀) ဆ မြင့်တက်လာမည်ဟုလည်း ဆိုသည်။
EE ၏ ခြေလှမ်းသည် ပြိုင်ဘက် ဆက်သွယ်ရေး ကုမ္ပဏီကြီး နှစ်ခုဖြစ်သည့် Vodafone နှင့် O2 တို့ကို ဖိအားပေးမှုလည်း ဖြစ်လာသည်။ EE ၏ 4G ကွန်ရက် အပြည့်အဝ အလုပ်လုပ်ချိန်တွင် အလွန် အရည်အသွေးမြင့်ပြီး အရွယ်အစား ကြီးမားသည့် BluRay ဗီဒီယိုဖိုင်များကိုပင် စက္ကန့်ပိုင်းအတွင်း Download ပြုလုပ်နိုင်မည့် သဘောမျိုး ဖြစ်လာခဲ့သည်။ EE သည် ဗြိတိန်တွင် ပထမဆုံး 4G ကွန်ရက်ကို စတင်တပ်ဆင်သည့် ကုမ္ပဏီဖြစ်ပြီး ယမန်နှစ် အောက်တိုဘာလက အစပြုခဲ့သည်။ ထို့နောက်တွင်မှ ယခုနှစ် အစောပိုင်းတွင် O2 နှင့် Vodafone တို့ကပါ 4G ကွန်ရက်များ အစပြု တပ်ဆင်လာနိုင်ခြင်းဟု သိရှိရသည်။
planet

0 comments :
Post a Comment