ဖားကန့်ဒေသတွင် ပေ ၁၀၀၀ ကျော်မြင့်သည့် စွန့်ပစ်မြေစာပုံ ပြိုကျသဖြင့် ရေမဆေးကျောက်ရှာဖွေသူ အမြောက်အမြား သေဆုံး

ဖားကန့်ဒေသတွင် မတ် ၆ ရက်က ကျောက်မျက်ကုမ္ပဏီနှစ်ခုမှ စွန့်ပစ်ထားသော ပေ ၁ဝဝဝ ကျော်မြင့်သည့် မြေစာပုံ ပြိုကျမှုဖြစ်ပွားရာ ကျောက်ရှာဖွေနေသော ရေမဆေးသမား အမြောက်အမြား မြေစာပိ သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။  


“မြေစာပုံပြိုကျပြီဆိုတာနဲ့ ပြေးတာပဲ။ ကျွန်တော့်နောက်က လိုက်ပြေးတဲ့သူ အယောက် ၃ဝ လောက် ရှိတယ်။ ကုန်းပေါ်ကိုလည်းရောက်လို့ လှည့်ကြည့်လိုက်တော့ နောက်မှာ တစ်ယောက်မှ မရှိတော့ဘူး။ သူများတွေ လူ ၅ဝ ကျော်မယ်လို့ ခန့်မှန်းနေကြတယ်” ဟု ထွက်ပြေးလွတ်မြောက်လာသူ ကိုဖိုးတင်လေးက ပြောကြားသည်။  

အဆိုပါမြေစာပုံမှာ ကွမ်းခါကျေးရွာ နှင့် ရှမ်းစုကျေးရွာအကြားတွင် တည်ရှိပြီး  ကျောက်မျက်ကုမ္ပဏီကြီးများဖြစ်သည့် ရာဇဋ္ဌာနီနှင့် အောင်ဟိန်းမင်းကုမ္ပဏီတို့မှ စွန့်ပစ်နေခြင်း ဖြစ်သည်။ ယင်းစွန့်ပစ်နေသော နေရာမှာ ရေရှိသော လျှိုမြောင်ဖြစ်သောကြောင့် မြေစာပုံအောက်ခြေတွင် ရေများ လိုက်စားကာ ပေ ၁ဝဝဝ ကျော်မြင့်သည့် မြေစာပုံ၏ အလေးချိန်ကို မခံနိုင်ဘဲ ယခုကဲ့သို့ ပြိုကျခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ပြောကြားသည်။

 ရေမဆေးကျောက် ရှာဖွေသူများအကြားတွင် လူ ၅ဝ မှ ၁ဝဝ အတွင်း သေဆုံးနိုင်ကြောင်း ခန့်မှန်းပြောဆိုမှုများ ရှိနေသော်လည်း အုပ်ချုပ်ရေးအဖွဲ့များကမူ ယမန်နေ့က ဖြစ်ပွားခဲ့သည့် ယင်းပြိုကျမှုအတွက် စာရင်းအတိအကျ မကောက်ရသေး၍ မသိသေးကြောင်း၊ သေဆုံးသူ လူအနည်းငယ်သာ ဖြစ်နိုင်ကြောင်း ပြောကြားသည်။


“တချို့ဆိုရင် တစ်ယောက်တည်း နှစ်ယောက်တည်း တဲထိုးပြီးနေကြတာ။ နှစ်ယောက်စလုံး ပါသွားတော့ ဒီလူတွေ ဘယ်သူ စာရင်းလာပေးမလဲ” ဟု ရေမဆေးကျောက် ရှာဖွေသူတစ်ဦးက ပြောကြားသည်။ 

  ဖြစ်ပွားသည့်အချိန်မှာ နံနက် ၁၁ နာရီဝန်းကျင်ခန့် ဖြစ်၍ မြေသည်ယာဉ်များ နားချိန်ဖြစ်သော်လည်း မြေစာပုံအောက်ခြေတွင် ကျောက်အလုံးကြီး ရထားသည့်အတွက် ကျောက်ပိုင်ရှင်နှင့် ဂျော်ကီသမားများ (အစုစား ကျောက်ကူသယ်မည့်သူများ) များစွာ ရှိနေပြီး ထိုသူများမှာ မြေစာပိသည့်အထဲ၌ ပါသွားကြောင်း မျက်မြင်ကိုယ်တွေ့ကြုံသူများက ပြောကြားသည်။   

ယခုကဲ့သို့ ပြိုကျသည့်ပုံစံမျိုး ဇန်နဝါရီ ၆ ရက်က မော်မောင်းဘွမ်ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ပြီး လူအများအပြား သေဆုံးမည်ဟု ခန့်မှန်းမှုများရှိခဲ့သော်လည်း အလောင်းလေးလောင်း ရှာဖွေတွေ့ရှိအပြီးတွင် ရှာဖွေမှု ရပ်တန့်ခဲ့သည်။ ယခုအခါ ရှာဖွေမှုများ ပြုလုပ်နေသော်လည်း အလောင်းတစ်လောင်းမှ မတွေ့ရှိရသေးဘဲ များပြားလှသော မြေစာထုပြိုကျမှုတွင် လူသေအလောင်းရှာဖွေမှုကို ဘက်ဟိုးတစ်စီးဖြင့်သာ ကုမ္ပဏီမှ လုပ်ဆောင်ပေးနေသောကြောင့် ဒေသခံများက ဝေဖန်နေကြသည်။ 

Credit: Eleven
Share on Google Plus

About Myanmar Memes

Copy Myanmar is myanmar content database. Collection of posts, news, images and content in Myanmar language found on World Wide Web.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment

Related Posts Plugin for WordPress, Blogger...