မြန်မာနိုင်ငံ လမ်းကြောင်းမှန်ပေါ် အမြန်ရောက်ရန် ကုလလူ့အခွင့်အရေး မဟာမင်းကြီး တိုက်တွန်း

 မြန်မာနိုင်ငံသည် လမ်းမှားဆီသို့ ဦးတည်နေပုံပေါ်ပြီး နိုင်ငံ၏ဒီမိုကရက်တစ် အကူးအပြောင်းနှင့် ရေရှည်ရင်ကြားစေ့ရေးအတွက်  အရေးပါသည့် ၂၀၁၅၌ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ရန် အရေးတကြီးလိုအပ်နေကြောင်း ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး (OHCHR) က သတိပေးကြေညာသည်။


ကတိကဝတ် အာမခံချက်နှင့် မျှော်လင့်ချက်တို့ပါရှိသည့် ဖြစ်ရပ်တစ်ခုအဖြစ် မြန်မာနိုင်ငံ၏ အကူးအပြောင်းကို နိုင်ငံတကာအသိုက်အဝန်းက ရှုမြင်ထားကြသည်ဟု ကုလလူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra'ad Al Hussein က ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ပြောကြားထားသည်။

‘‘ဒါပေမဲ့ လူနည်းစုတွေရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေ၊ လွတ်လပ်စွာ ဖော်ပြပြောဆိုခွင့်နဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့်တွေ့နဲ့ပတ်သက်ပြီး မကြာသေးမီက ဖြစ်သွားခဲ့တာတွေဟာ ပြုပြင်ပြောင်းလဲရေး ဘယ်ကိုဦးတည်သွားနေသလဲလို့ မေးခွန်းထုတ်စရာ ဖြစ်နေပြီး နောက်ကြောင်းပြန် လှည့်မလားဆိုတဲ့ ခြိမ်းခြောက်ခြင်းမှုမျိုးတောင် ဖြစ်နေပါတယ်’’ဟု မဟာမင်းကြီး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အင်အားစုအားလုံးအနေဖြင့် အန္တရာယ်တွင်းနှုတ်ခမ်းဝ ကျလုဆဲအခြေအနေမှနေ၍ လွတ်မြောက်အောင် ပြန်ဆုတ်ရမည်ဖြစ်ပြီး လူ့အခွင့်အရေးကို လေးစားလိုက်နာကာ အရပ်သားပြည်သူလူထုအား အကာအကွယ်ပေးရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း OHCHR က တိုက်တွန်းသည်။ ပြီးခဲ့သည့် တစ်ပတ်က ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသည့် မိကျောင်းကန်ဆန္ဒပြသူ ၁၄ ဦးကို ဖမ်းဆီးထိန်းသိမ်းမှု၊ ပြီးခဲ့သည့်နှစ်က သတင်းထောက် ၁၀ ဦးကို အကြည်ညိုပျက်စေခြင်း၊ တားမြစ်နယ်မြေထဲ ပိုင်နက်ကျူးလွန်ဝင်ရောက်ခြင်း၊ နိုင်ငံတော်လုံခြုံရေး လျှို့ဝှက်မှု ပေါက်ကြားခြင်းတို့ကဲ့သို့သော ပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခဲ့ခြင်းများကို ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုက်အဝန်းက မြင်တွေ့ခဲ့ရသည်ဟု ဆိုသည်။ ထို့အပြင် အစွန်းရောက် ဝါဒအတွက် လက်နက်ကိရိယာ တစ်ခုအဖြစ် ဗုဒ္ဓဘာသာကို အသုံးချနေမှုအား ဆန့်ကျင်ပြောဆိုခြင်းအတွက် ဖမ်းဆီးထိန်းသိမ်းခံထား ရဆဲဖြစ်သည့် ဦးထင်လင်းဦး ဖြစ်ရပ်ကိုလည်း OHCHR က ထောက်ပြသည်။

‘‘နိုင်ငံရေးအကျဉ်းသားဆိုတဲ့ခေတ်ကို အဆုံးသတ်ဖို့ မြန်မာက ကတိကဝတ် ပြုထားခဲ့ပြီးပါပြီ။ ဒါပေမဲ့ အခုကျတော့ သူတို့ကတိပြုထားတဲ့ ဒီမိုကရက်တစ် လွတ်လပ်မှုတွေကို ခံစားဖို့ ရှာဖွေသူတွေကို ထောင်ချခြင်းအားဖြင့် နိုင်ငံရေးအကျဉ်းသား မျိုးဆက်သစ်တစ်ခုကို ဖန်တီးဖို့ရည်ရွယ်ပုံ ပေါ်နေတယ်’’ ဟု မဟာမင်းကြီးက ပြောကြားပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲရာတွင် အများပြည်သူပါဝင်နိုင်မှုသည် လာမည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒ ခံယူပွဲနှင့် ရွေးကောက်ပွဲများအတွက် အရေးတကြီး အရေးပါမည်ဖြစ်ကြောင်း အလေးပေးထောက်ပြသည်။

၁၉၈၂ နိုင်ငံသား စိစစ်ရေးဥပဒေအရ နိုင်ငံသား ဖြစ်ခွင့် မရှိသော တိုင်းရင်းသားလူနည်းစုများ ကိုင်ဆောင်ထားသည့် ယာယီ ၀ှိုက်ကတ်များ မတ်လကုန်တွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ဖေဖော်ဝါရီ ၁၁ ရက်တွင် အသိပေးကြေညာခဲ့သည်။ ထိုဆုံးဖြတ်ချက်မှာ ဝှိုက်ကတ်ကိုင်ဆောင်သူများ (မြန်မာနိုင်ငံတွင်းရှိ နိုင်ငံမဲ့ မွတ်စလင်လူနည်းစုများ) ပြည်သူ့ဆန္ဒခံယူပွဲနှင့် ယခုနှစ်နှောင်းပိုင်းတွင် ကျင်းပနိုင်ဖွယ်ရှိသည့် အထွေထွေရွေးကောက်ပွဲ၌ မဲပေးခွင့် မရှိအောင် ဆောင်ရွက်သကဲ့သို့ ဖြစ်သွားသည်ဟုOHCHR က ဆိုသည်။

လူဦးရေ တစ်သန်းခန့်ရှိ ဘင်္ဂါလီတို့သည် မျိုးဆက် အဆက်ဆက် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သော်လည်း နိုင်ငံသားဖြစ်ခွင့် ငြင်းဆိုခံထားရပြီး အများစုမှာ အကြမ်းဖက်တိုက်ခိုက်မှုများ၏ သားကောင်များလည်း ဖြစ်ကြသည်။ အစိုးရက ၀န်ဆောင်မှုများ မြှင့်တင်ရန် အားထုတ်မှုအချို့ ပြုလုပ်ထားသော်လည်း ၁၄၀,၀၀၀ ခန့်ရှိသော ထိုလူထုမှာ လူများ ပြွတ်သိပ်ပြည့်ကျပ်နေသည့် ဒုက္ခသည်စခန်းများတွင် ဆက်နေနေရသည်။ ဒုက္ခသည် စခန်းနေ အဓိကလူများစုမှာ လွတ်လပ်စွာ လှုပ်ရှားခွင့်နှင့် ပတ်သက်၍ တစ်ဖက်စောင်းနင်း တားမြစ် ကန့်သတ်ခံထားရဟု ဆိုသည်။  ‘ရိုဟင်ဂျာ’ဆိုသည့် အသုံးအနှုန်း အပေါ် အစိုးရ၏ တရားဝင်ငြင်း ဆိုမှုနှင့် ပတ်သက်၍ အစုအဖွဲ့ တစ်ခု၏ မိမိကိုယ်ကိုယ် မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခွင့်ကို ငြင်းပယ်ခြင်းသည်နိုင်ငံတကာ အသိုက်အ၀န်းအား ရှင်းရှင်းလင်းလင်း အချက်ပေးခေါင်းလောင်းသံတစ်ခု ပေးသင့်ကြောင်း Zeid က သတိပေးခဲ့သည်။

ရွေးကောက်ပွဲ ကျင်းပမည့်နှစ်တစ်နှစ်အတွင်း ရွေးကောက်ပွဲ မဲအနိုင်ရရှိရေးအတွက် ဘာသာရေးဆိုင်ရာ မျက်စိမှိတ်ဘက်လိုက်မှုအပေါ် မီးလောင်ရာလေပင့်သည့်နည်းမျိုး  နိုင်ငံရေးသမား အချို့က မဲဆွယ်စည်းရုံးနိုင်ကြောင်း မဟာမင်းကြီးက သတိပေးသည်။ သို့သော် ဘာသာရေးအစွန်းရောက်ဝါဒက ကမ္ဘာတစ်လွှားတွင် အကြီးအကျယ် ဖရိုဖရဲပျက်စီးမှုကို ဖန်တီးနေသည့်အချိန်မျိုး၌ ထိုကဲ့သို့ ဘာသာရေး အစွန်းရောက်မှုကို နှစ်သက်ခြင်း၏ ဆိုးရွားသော နောက်ဆက်တွဲပြဿနာများကို ရှင်းရှင်းလင်းလင်း နားလည်ပြီး သတိထားရှောင်ရှားသင့်ကြောင်း၊ ဒီမိုကရက်တစ် မြန်မာနိုင်ငံသစ်ကို မတူကွဲပြားခြင်း၏ အင်အားအပေါ်၌ တည်ဆောက်သင့်ကြောင်း OHCHR ကြေညာချက်တွင် ဖော်ပြထားသည်။ ထို့ပြင်အမျိုးသမီးများနှင့် ဘာသာရေးဆိုင်ရာ လူနည်းစုတို့ကို တစ်ဖက်စောင်းနင်း ခွဲခြား ဆက်ဆံသကဲ့သို့ ဘာသာရေးလွတ်လပ်မှုဆိုင်ရာ နိုင်ငံတကာစံနှုန်းများကို ဖောက်ဖျက်သည့် ဥပဒေအသစ်လေးခုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုကိုလည်း Zeid က ဖော်ပြ ခဲ့သည်။

မြန်မာ-တရုတ် နယ်စပ်၊ ရှမ်းပြည်နယ် ကိုးကန့်ဒေသတွင် အစိုးရတပ်မတော်နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)တို့အကြား တိုက်ပွဲအခြေအနေသည် သတိထားစရာ အခြေအနေဖြစ်ကြောင်း တစ်ပတ်အတွင်း ယင်းပဋိပက္ခဒေသတွင် ကြက်ခြေနီယာဉ်တန်း နှစ်ကြိမ် တိုက်ခိုက်ခံရမှုမှာ အလွန် စိုးရိမ်စရာ ကောင်းကြောင်း Zeidက သတိပေးခဲ့သည်။ လတ်တလော တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူ ထောင်ပေါင်းများစွာရှိကြောင်း အစီရင်ခံစာများက ခန့်မှန်းထားသည်။ ဖေဖော်ဝါရီ ၁၈ ရက်တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို စစ်အုပ်ချုပ်ရေး အရေးပေါ် အခြေအနေ ရက် ၉၀ ကြေညာခဲ့သည်။ ‘‘ဒီအကြမ်းဖက်မှုကို ကြီးထွားပျံ့နှံ့ခွင့်ပြုရင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ၀မ်းနည်းစရာ ကံဆိုးမိုးမှောင်ကျမှု ဖြစ်လာလိမ့်မယ်’’ဟု ၎င်းက ပြောသည်။

ဆက်လက်ပြီး ‘‘ သက်ဆိုင်သူ အင်အားစုအားလုံးဟာ အန္တရာယ်တွင်းနှုတ်ခမ်းဝ ကျလုဆဲ အခြေအနေကနေ လွတ်မြောက်အောင် နောက်ပြန်ဆုတ်ကို ဆုတ်ရမှာဖြစ်ပြီး လူ့အခွင့်အရေးကို အပြည့်အဝ လေးစားလိုက်နာပြီး အရပ်သား ပြည်သူလူထုကို အကာအကွယ်ပေးနိုင်ရေးအတွက် သေချာအောင်လုပ်ကို လုပ်ရပါမယ်’’ဟု တိုက်တွန်းခဲ့သည်။

Credit: 7daydaily
Share on Google Plus

About Myanmar Memes

Copy Myanmar is myanmar content database. Collection of posts, news, images and content in Myanmar language found on World Wide Web.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment

Related Posts Plugin for WordPress, Blogger...