ငွေစက္ကူအတု ပြုလုပ်ခြင်းကို ကာကွယ်နိုင်မည့် လုံခြုံရေး အမှတ်အသား
သစ်များ ပါဝင်သော အဆင့်မြင့် နည်းပညာသုံး အမေရိကန်ဒေါ်လာ ၁၀၀ တန်ငွေစက္ကူ
များကို အမေရိကန် ဗဟိုဘဏ်က စတင်ထုတ်ဝေ လိုက်ကြောင်း BBC သတင်းတွင်
ဖော်ပြထားသည်။ အဆိုပါ ငွေစက္ကူအသစ်များကို အောက်တိုဘာလ ၈ ရက်နေ့တွင်
စတင်ဖြန့်ချိ သုံးစွဲမည် ဖြစ်ကြောင်း အမေရိကန် ဗဟိုဘဏ် ဝက်ဘ်ဆိုက်တွင်
ဖော်ပြထားသည်။
ယခု အသစ်ထုတ်ဝေ လိုက်သော ဒေါ်လာ ၁၀၀ တန် ငွေစက္ကူတွင် အပြာရောင် 3D လုံခြုံရေးကြိုး၊
ခေါင်းလောင်းနှင့် မင်အိုးပုံ အမှတ်အသားများ ပါဝင်ကြောင်း၊ အဆိုပါ
အမှတ်အသားများသည် အတုပြုလုပ်ရန် ခက်ခဲကြောင်း အမေရိကန်အစိုးရ
တာဝန်ရှိသူများက ပြောကြားသည်။ ထို့ပြင် ယခင်က အသုံးပြုခဲ့သော
လုံခြုံရေးအမှတ်အသား များဖြစ်သည် ရေစာ ပုံကြမ်းနှင့်
ခရမ်းလွန်ရောင်ခြည်တွင် ကြည့်ပါက ပန်းရောင်အဖြစ် မြင်တွေ့ရမည့်
ငွေစက္ကူထဲတွင် ထည့်သွင်း ထားသည့် လုံခြုံရေးကြိုးလည်း ပါဝင်သည်။
ယခု ရိုက်နှိပ်လိုက်သော အမေရိကန် ဒေါ်လာ ၁၀၀ တန် ငွေစက္ကူများအတွက် ၂၀၁၀
ပြည့်နှစ်က ဒီဇိုင်းရေးဆွဲခဲ့ခြင်း ဖြစ်သော်လည်း မျှော်လင့်မထားသော
ထုတ်လုပ်ရေး အခက်အခဲ များကြောင့် ကြန့်ကြာနေ ခဲ့ရခြင်းလည်း ဖြစ်သည်။
ယခုငွေစက္ကူသစ်တွင် ပါသည့် 3D လုံခြုံရေးကြိုးမှာ ပုံနှိပ်ထားခြင်း မဟုတ်ဘဲ
ငွေစက္ကူထဲသို့ ထည့်သွင်းထားခြင်း ဖြစ်ပြီး၊ ဂဏန်းနံပါတ် ၁၀၀ များသည်လည်း
ငွေစက္ကူကို စောင်းသည့်ဘက် အပေါ် မူတည်၍ ခေါင်းလောင်းပုံ၊ ဘေးတိုက်ပုံနှင့်
အတည့်ပုံများအဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။
ထို့ပြင် ငွေစက္ကူကို လှည့်လိုက်ပါက ကြေးငွေစက္ကူ၏ ညာဘက်အောက်ခြေ
ထောင့်တွင်ရှိသော ဂဏန်းနံပါတ် ၁၀၀ ၏အရောင်မှာ မူလကြေးဝါရောင်မှ
အစိမ်းရောင်သို့ ပြောင်းလဲ သွားမည် ဖြစ်သည်။ ယခုငွေစက္ကူ သစ်တွင် အမေရိကန်
ပြည်ထောင်စုကို တည်ထောင်သူ ဖခင်ဖြစ်သော သမ္မတ ဘင်ဂျမင်ဖရန့်ကလင်း၏ ပုံတူ
ရုပ်ပုံ ပါရှိမည်ဖြစ်သည်။ ယနေ့ခေတ်ကာလတွင် ဒီဇိုင်းဆော့ဖ်ဝဲ များနှင့်
ပုံရိပ်ကြည်လင် ပြတ်သားသော မိတ္တူနှင့် ပုံနှိပ်စက် များကြောင့် သာမန်လူ
များအတွက် အတုအစစ် ခွဲခြားရန် ခက်ခဲသည့် ငွေစက္ကူအတုများ များပြားစွာ
ထွက်ပေါ်လျက် ရှိသည်။
အမေရိကန် ဒေါ်လာတစ်ရာတန် ငွေစက္ကူသစ်သည် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့်အ
မေရိကန်ထောက်လှမ်းရေးတို့ ဆယ်နှစ်ခန့် ပူးပေါင်း၍ သုတေသန ပြုလုပ်ခဲ့ခြင်း
ဖြစ်ကြောင်း အမေရိကန် ဗဟိုဘဏ်က ပြောကြားသည်။ အမေရိကန်ဒေါ်လာ တစ်ရာတန်
ငွေစက္ကူသည် အမေရိကန် အစိုးရထုတ် ငွေစက္ကူများထဲတွင် အတုပြုလုပ်ခြင်း အခံရ
ဆုံးသော ငွေစက္ကူဖြစ်သော်လည်း အမှန်တကယ် လည်ပတ် သုံးစွဲနေသော
ငွေစက္ကူများတွင် ငွေစက္ကူအတု အရေအတွက် မည်မျှရှိကြောင်း ကိုမူ အတိအကျ
မသိရှိကြောင်း အမေရိကန် အစိုးရ တာဝန်ရှိ သူများက ပြောကြားသည်။
အမေရိကန်ဒေါ်လာ ငွေစက္ကူအတု အရေအတွက်သည် ဒေါ်လာငွေစုစုပေါင်း ပမာဏ၏ ၀ ဒသမ
၀၁ ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ထရီလီယံ
ရှိကြောင်း အမေရိကန် ထောက်လှမ်းရေးက ခန့်မှန်းထားသည်။ ထို့ပြင်
နိုင်ငံအတွင်း၌ ၂၀၁၂ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ငွေစက္ကူအတု ၈၀ ဒသမ ၇
သန်းခန့် သုံးစွဲလျက် ရှိပြီး ပြင်ပတွင် ၁၄ ဒသမ ၅ သန်းခန့် သုံးစွဲလျက်
ရှိကြောင်း အမေရိကန် ထောက်လှမ်းရေးက ခန့်မှန်းထားသည်။ ၂၀၁၂ ခုနှစ်တွင်
အမေရိကန် ပြည်ထောင်စုပြင်ပတွင် အမေရိကန် ဒေါ်လာ ငွေစက္ကူအတုများ
ဖမ်းဆီးရမိခဲ့ရာ တန်ဖိုး အားဖြင့် ၅၆ ဒသမ ၈ သန်းခန့် ရှိသည်။
-
Blogger Comment
-
Facebook Comment
Subscribe to:
Post Comments
(
Atom
)

0 comments :
Post a Comment