ဂျပန်နိုင်ငံမှ ကမ္ဘာ့ပထမဆုံး လေမှုတ်သွင်း ခန်းမကြီး

လေအပြည့်ဖြည့်ပြီး ဖောင်းကြွအောင် ပြုလုပ်လိုက်ချိန်တွင် အလျား(၃၅)မီတာ၊ အနံ(၁၈)မီတာမျှ အကျယ်အဝန်းရှိသည့် ခရမ်းရောင် ခန်းမကြီးတစ်ခုအသွင် ကူးပြောင်းသွားသည်။



ဂျပန်နိုင်ငံမှ ကမ္ဘာ့ပထမဆုံး လေမှုတ်သွင်း ခန်းမကြီးArk Nova ခန်းမကြီးကို လေမှုတ်ခန်းမ၊   ဖောင်းပွခန်းမ၊ သို့မဟုတ် လေသွင်းရုပ်လုံး ခန်းမဟု အမည်ခေါ်ဝေါ်ရမည် ဖြစ်သည်။ သို့သော်လည်း လူပေါင်း(၅၀၀)မျှ စုစည်းနေနိုင်မည့် ယင်းခန်းမကျယ်ကြီးကို အဆောက်အအုံ တစ်ခုအနေဖြင့် တည်ဆောက်ထားခြင်း မဟုတ်သည်က ထူးခြားမှု တစ်ခုဖြစ်သည်။ ပိုလိုင်စတာ ဖြည့်တင်းပေးထားသည့် ကိုယ်ထည်ဖြင့် တည်ဆောက်ထားသည့်   လေမှုတ်သွင်းနိုင်သော ပစ္စည်းကြီးသည် ယခုအခါ သဘာဝ ဘေးအန္တရာယ်များ ထိခိုက်ခံစားခဲ့ရ သည့် ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသသို့ ရောက်ရှိနေပြီ ဖြစ် သည်။ လေအပြည့်ဖြည့်ပြီး   ဖောင်းကြွအောင် ပြုလုပ်လိုက်ချိန်တွင် အလျား(၃၅)မီတာ၊ အနံ(၁၈)မီတာမျှ အကျယ်အဝန်းရှိသည့် ခရမ်းရောင် ခန်းမကြီးတစ်ခုအသွင် ကူးပြောင်းသွားသည်။ ယင်းကို ဇာတ်ရုံအဖြစ်၊ ဟောပြောပွဲ ခန်းမအဖြစ်၊ အစည်းအဝေးခန်းမအဖြစ် ဘက်စုံ အသုံးပြုနိုင်သည်။ စိတ်ကူးစိတ်သန်း ကောင်းမွန်သည့် အဆိုပါ လေမှုတ်သွင်း ခန်းမကြီးကို မတ်ဆူရှီမာမြို့တွင် ထားရှိမည် ဖြစ်သည်။
ကမ္ဘာလှည့် ခရီးသည်များစွာ လာရောက် လည်ပတ်လေ့ရှိသည့် မတ်ဆူရှီမာမြို့သည် (၂၀၁၁)ခုနှစ်၊ မတ်လက ရစ်ခ်ျတာစကေး (၉.၀)အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်မှုနှင့် ဆူနာမီ ရေလှိုင်းများ ရိုက်ခတ်မှုကို ကြုံတွေ့ခဲ့ရသော်လည်း သဘာဝ ကမ်းရိုးတန်း၏ အကာအကွယ်   ပေးထားမှုကြောင့် ဒေသတွင်းရှိ အခြားမြို့ရွာများလောက် အထိအခိုက် မရှိခဲ့ချေ။ ယခုအဆောက်အအုံကြီးသည် ကမ္ဘာ့ပထမဆုံး လေမှုတ်သွင်း ခန်းမကြီးအဖြစ် သတ်မှတ်နိုင်ပြီး ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းအတွက် ပိုမို အကျိုးဖြစ်ထွန်းလာစေဖွယ် ရှိနေသည်။
Ark Novaကို အိန္ဒိယဖွား ဗြိတိသျှ ပန်းပုပညာရှင် အာနစ်ရှ်ကာပူအာနှင့် ဂျပန် ဗိသုကာ ပညာရှင် အာရာတာ အိုင်ဆိုဇာကီတို့က ပူးပေါင်း တည်ဆောက်ပေးခဲ့သည်။ ခန်းမကြီးကို မတ်ဆူရှီမာ မြို့လယ်တွင် နေရာချထားပြီး ပထမဆုံးအကြိမ် ဖျော်ဖြေပွဲ အစီအစဉ်ကို သောကြာနေ့တွင် စတင်မည် ဖြစ်သည်။ ဆန်ဒိုင်း သံစုံ အော်ကက်စထရာ တီးဝိုင်းအဖွဲ့ကြီးသည် ထူးထူးခြားခြား တည်ဆောက်ထားသည့် ယင်းခန်းမကြီးကို ဇာတ်ရုံအဖြစ် အသုံးပြုကာ ဖျော်ဖြေသွားရန် စီစဉ်ထားသည်။ ထို့အပြင် ဂျပန်ရိုးရာ ကူဘူကီ ပြဇာတ်များလည်း ကပြသွားမည် ဖြစ်သည်။ အဆိုပါ အစီအစဉ်ကို အောက်တိုဘာ (၁၄)ရက်နေ့ထိ ကျင်းပသွားရန် ရည်ရွယ်ထားသည်။
“ဒီခန်းမကြီးက အလွယ်တကူ ဖြုတ်သိမ်းနိုင်ပါတယ်။ Ark Novaဟာ လူတွေ အများကြီးကို စုဝေးခွင့် ရရှိစေမယ့် နေရာတစ်ခု ဖြစ်လာမှာပါ”ဟု အိုင်ဆိုဇာကီက ပြောကြားခဲ့သည်။   ပြဇာတ်ရုံအဖြစ် အသုံးပြုရန် လိုအပ်သည့် ခုံနေရာများကို ငလျင်အတွင်း ထိခိုက်ပြိုလဲခဲ့သည့် သစ်ကတိုးပင်များဖြင့် ကြိုတင်ပြုလုပ်ထားပြီး ဖြစ်သည်။ Ark Nova၏ ပထမဆုံး ဖျော်ဖြေပွဲ အစီအစဉ်တွင် အခြားသော ကမ္ဘာကျော် ဂီတအဖွဲ့အစည်းများ ပါဝင်လာအောင် ဆွစ်ဇာလန် နိုင်ငံရှိ Lucerne Festivalက အကူအညီ ပေးခဲ့သည်။ Ark Novaကို ဒေသတွင်းရှိ အခြားသော မြို့များသို့လည်း လှည့်လည်သယ်ယူကာ ဖျော်ဖြေရေး အစီအစဉ်များအတွက် အသုံးပြုသွားရန် စီစဉ်ထားကြောင်း သိရှိရသည်။
Planet Myanmar Network
Share on Google Plus

About Myanmar Memes

Copy Myanmar is myanmar content database. Collection of posts, news, images and content in Myanmar language found on World Wide Web.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment

Related Posts Plugin for WordPress, Blogger...