စကားပြောတတ်စေဖို့

 လူတစ်ယောက်ရဲ့ ဆွဲဆောင်မှု ရှိတဲ့ ကိုယ်နေကိုယ်ဟန်ထဲမှာ စကားပြောခြင်း အတက်ပညာကလည်း အပါအ၀င်ပဲ ဖြစ်ပါတယ်။ ခေါင်းစဉ်ကိုတော့ ရိုးရိုးရှင်းရှင်း ပေးလိုက်ပေမဲ့ စာဖတ်တဲ့ မိတ်ဆွေများ အနေနဲ့ ဇဝေဇ၀ါ ဂွကျတာတွေ ဖြစ်နိုင်ကောင်းပါတယ်။

စကားပြောတက်ကြစေဖို့  ပါပဲ ။ ဒါပေမဲ့ ရည်ရွယ်ချက်က စကားပြောတက် ဖို့ တင် သက်သက်မဟုတ်ပြန်ပါဘူး ။
ပြောရရင် အစည်းအဝေးပွဲတွေမှာ ၊ မာကတ်တင်း ဆင်းတဲ့ နေရာတွေမှာ ၊ ဟောပြောပွဲ ၊ သင်တန်း ၊ ဖိုရမ် ၊ ၀ပ်ရှော့ စသဖြင့် လူအချင်းချင်း ဆက်ဆံရတဲ့ နေရာတွေမှာ  Public Relation & Pubic Speaking ဆိုတဲ့ အဓီက ကျတဲ့ ဆက်ဆံရေးကလည်း အရေးကြီးပါတယ်။ ဒါမှ မိမိ ပြောချင်တဲ့ အကြောင်းအရာ ၊ ဆွေးနွေး တင်ပြချက်က ထိရောက်မယ် မဟုတ်ပါလား ။
ဒီတော့ ဖတ်မိတဲ့ အကြောင်းအရာလေးကို ပြန်လည် မျှဝေရင်း မိတ်ဆွေတို့ ရဲ့  တန်ဖိုးရှိတဲ့ အချိန်အနည်းငယ်ကို ဒီအကြောင်းအရာအတွက်ပေးအပ်စေလိုပါတယ်။
ဖြည်းဖြည်းပြောပါ
လူတွေဟာ စိတ်ဖိဆီးနေတဲ့အချိန် ၊ စိတ်လှုပ်ရှားနေတဲ့ အချိန်ဆိုရင် စကားပြော မြန်တက်ကြပါတယ်။ သေချာတာကတော့ စကားပြော မြန်ခြင်းဟာမကောင်းတဲ့ အမူအကျင့်ပါပဲ။ လူထုဆက်ဆံရေး လုပ်တဲ့ အချိန်မှာ စကားပြော မြန်ရင် ကိုယ့်စကားလုံး တွေနဲ့  ကိုယ်ခလုပ် တိုက်နိုင်ပြီး ကိုယ်ပြောရတဲ့သူကို ကြောက်ရွံ့ နေတယ်
လို့ ထင်စေနိုင်ပါတယ်။
ဒီတော့ စကားပြောမြန်တက်တဲ့ သူဆိုရင် အရှိန်လေးကို နည်းနည်းစီ လျော့ခြင်းဖြင့် သင့်ရဲ့ စကားသံကို နားထောင်နေတဲ့ သူတွေကို ပိုပြီး နားလည်မှု ရရှိ စေရ ပါမည်။ 
နေရာပြောင်းပါ
သင့်စကားပြောတဲ့ အချိန်မှာ လူအရေအတွက် လိုက် စကားပြောတဲ့ နေရာကို ပြောင်းလဲတက်ရပါမယ်။ မိမိစကားကို နားထောင်တဲ့ သူတွေကို ပိုပြီး အာရုံစိုက်မှု ရရှိစေဖို့  နဂိုထိုင်နေတဲ့ နေရာကနေ ပြောင်းသင့်ရင် ပြောင်းရပါမယ်။ အစည်းအဝေးခန်းထဲမှာ လူ နှစ်ယောက် လောက်နဲ့ ပြောရတယ် ဆိုရင် ခေါင်းကို မော့ထားပြီး ပြောပါ။ လူများတဲ့ အဖွဲ့ ကြီးကို ပြောရမယ် ဆိုရင်တော့ မတ်တပ် ထပြီး ပြောပါ။ ဒါမှ သင့်စကား သူတို့ ဆီ ရောက်မှာ ဖြစ်ပါတယ်။ သင့်ရဲ့ အသံနဲ့  ကိုယ်ဟန်အမူအရာများဟာကိုယ့်ကိုယ် ယုံကြည်မှု ကို ရှိစေတဲ့ ပုံဖြစ်စေပါတယ်။
ပရိသတ်အပေါ် မူတည်ပြီး အသံကို ထိန်းညှိပြောပါ
ကျနော်တို့ ဆရာတော်တော်များများ ပြောတက်ကြပါတယ်။  စကားပြောတဲ့ အခါ ကျယ်ကျယ်နဲ့  ရှင်းရှင်းလင်းလင်းပြောဖို့ ပါ ။ အထူးသဖြင့် တက္ကသိုလ်ကျောင်းသားနောက်ဆုံးနှစ်မှာ ကြုံဖူးပါတယ်။ Term paper တင်ရမျိုးပါ။ အဲ့ဒီအခါ အဖွဲ့ မှာ တစ်ယောက်က ကိုယ့် အဖွဲ့ လုပ်တဲ့ Term Paper Project ကို Presentation လုပ်ရတာ ရှိပါတယ်။  ကျနော့်အဖြစ်တုန်းကဆိုရင် Physics ကျောင်းသား ဖြစ်တဲ့ အတွက် diode ကောင်းမကောင်းစမ်းတဲ့ LED မီးသီးလေးတွေ ချိတ်ဆက်ပြီး စမ်းသပ်ရတဲ့ အကြောင်းကို  မေဂျာ ပါမောက္ခ နဲ့  ကထိကတွေ အရှေ့ မှာ ဖတ်ပြီး ရှင်းလင်းပြရပါတယ်။ကိုယ့် Term Paper အဖွဲ့ မှာ ၈ ယောက်လောက် ပါပေမဲ့ Presentation မလုပ်ခင် တစ်ယောက်ချင်းစီကို ဖတ်ခိုင်း အသံထွက် ရှင်းလင်းပြီး ကျယ်တဲ့ သူတို့  တက်ပြော ခိုင်းတော့ ကျနော်ပါသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာ ပထမဆုံး Power Point နဲ့ ထိုးပြီး ရှင်းလင်းပြရတာကို ရင်တုန်ပန်းတုန်ဖြစ်ခဲ့  ရလို့  မှတ်မိနေဆဲပါပဲ  ။ ပြောချင်တာက စကားလုံးကို ရှင်းလင်းပြီး အသံကို ကျယ်ကျယ်ပြောနိုင်ရမယ် ဆိုတာပါ။
ကိုယ့်စကားသံကို ကိုယ်မရှက်ပါနဲ့ 
စကားပြောကောင်းကြတဲ့ အကြောင်းအရင်းထဲမှာ ကိုယ်ပိုင်ဆွဲဆောင်မှု ပေးနိုင်တဲ့ စကားလုံးလေးတွေလည်း ပါဝင်ပါတယ်။ တိုင်းရင်းသားမို့ လို့ အသံဝဲလို့ စိတ်ပူတာမျိုး ဖြစ်ဖူးသလား ။သေချာလေး ထိန်းပြီး ပြောသွားပါ ။ ကိုယ်ပြောတဲ့ အကြောင်းအရာက အချိတ်အဆက်မီပြီး ထိမိရင် စကားဝဲတာတောင် နားထောင်ရတာ တစ်မျိုးလေးနဲ့ စွဲသွားတာမျိုး ဖြစ်သွားပါလိမ့်မယ်။အဓီက ကတော့ စကားပြောစွမ်းရည်အတွက် အချက်အလက်ကျကျ ပြောတက်ဖို့ သာ အရေးကြီးပါတယ်။
အသံနှုန်းကို ချိန်ဆပါ
မိမိ စကားပြောတဲ့ အချိန်မှာ အရေးကြီးတဲ့ အကြောင်းအရာ ၊ မှတ်မိစေလိုတဲ့ အကြောင်းအရာ နဲ့  သာမန်အကြောင်းအရာ ပြောတဲ့ နှစ်ခုမှာ အသံအနိမ့်အမြင့် ဆိုတာ ရှိပါတယ်။ဘယ်လို အသံနှုန်းနဲ့ ပြောတဲ့ အကြောင်းအရာ ဖြစ်ပါစေ တစ်ဖက်လူရဲ့  နားထဲကို လျောလျောရှုရှု ရောက်သွားဖို့ အရေးကြီးပါတယ်။ ငယ်သံပါအောင်သံပေါက်တဲ့ အသံနှုန်းမြင့်တဲ့ စကားသံများဟာ တစ်ဖက်သားကို ကြောက်လန့် နေပုံ ဖြစ်စေပြီး ၊ အသံနှုန်းနိမ့်ပြီး ပြောတဲ့ စကားသံကတော့ တခါတလေ အမိန့် အဏာ ဆန်တဲ့ စကားသံပုံ ပေါက်စေ ပါတယ်။ စကားသံ အနိမ့်အမြင့်က ကိုယ်ပေးချင်တဲ့ စကားကို ပိုပြီး အားကောင်းစေပါတယ်။မေးခွန်းမေးတဲ့ အခါမှာ အဆုံးသတ်ကို အသံနှုန်းမြင့်ပြီး ပြောပါ။ ကြေငြာစာတမ်းလို ထုတ်ပြန်ချက်တွေ ဖတ်တဲ့ အခါမှာ စကားအဖြတ်အတောက်ကို အသံနိမ့်ပြီး ပြောပါ။
မိမိအသံနဲ့ ခံစားချက်ကို ညီပါစေ
ကိုယ်ပြောတဲ့ စကားလုံးနဲ့ ကိုယ် ဟန်ပန်အမူအရာဟာ လိုက်ဖက်မှု ရှိရပါမယ် ။ အားပေးတဲ့ စကားပြောပြီး မျက်နှာပျက်နေတာမျိုး မလုပ်သင့်ပါဘူး ။ ကိုယ်ပြောတဲ့ စကားသံဟာ ကိုယ့်ပရိသတ်ကို ကိုယ်နဲ့ ထပ်တူ ခံစားမှု တွေ ပေးနိုင်စွမ်း ရှိရပါမယ်။ကိုယ့်အသံကိုယ် ကောင်းကောင်း ထိန်းချုပ်ပြီး အသုံးချနိုင်တဲ့ သူများဟာ စီးပွားရေး နယ်ပယ်မှာတင်မက လူမှုရေး နယ်ပယ်မှာလည်း အောင်မြင်မှု ရရှိစေပါတယ်။ ဒီအတွက် အချိန်ပေးပြီး ဆရာတစ်ဆူဖြစ်လာအောင် လေ့ကျင့်ကြမယ် ဆိုရင် တစ်ချိန်ချိန် တန်ဖိုးမဖြတ်နိုင်တဲ့ အကျိုး တွေ ရရှိစေမှာ မလွဲမသွေပါပဲ။
----

လင်းတန်ဆောင်
Share on Google Plus

About Myanmar Memes

Copy Myanmar is myanmar content database. Collection of posts, news, images and content in Myanmar language found on World Wide Web.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment

Related Posts Plugin for WordPress, Blogger...